|
Orginal Post By: The Irrawaddy
ဆောင်းပါး
ကျော်စွာမိုး | အောက်တိုဘာ ၁၄၊ ၂၀၀၈
မကြာသေးမီက အဖြစ်အပျက်များအရ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို
စိုးရိမ်ပူပန်ရမည့် အနေအထား ဖြစ်ခဲ့သည်။ သူ မရှိတော့လျှင် ဒီမိုကရေစီအရေးတော်ပုံ၏
အခြေအနေ မည်သို့ဆက်ဖြစ်မည်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၆ ခုနှစ်က
အင်းယားကန်ဘေးရှိ နေအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ- Nic
Dunlop/Panos) |
ဒေါ်အောင်ဆန်းစုကြည် မရှိတော့လျှင် မြန်မာပြည်အခြေအနေ မည်သို့ ဖြစ်လာ မည်နည်း။
အခြေအနေကို စိတ်ကူး ကြည့်ကြပါစို့။ မြန်မာစစ်ဗိုလ်ချုပ်များက
ဤကဲ့သို့အခြေအနေမျိုးကို အိပ်မက်နေကြသည်မှာ ကြာပြီဖြစ်ပြီး ထိုသို့ဖြစ် စေချင်
နေသည်မှာလည်း သံသယရှိစရာ မလိုပေ။ သို့သော် အများစုသော မြန်မာပြည်သူများ အတွက်မှာမူ
အလွန်အမင်းစိတ်ပျက် အားလျော့ဖွယ် အခြေ အနေဖြစ်သည်။ မြန်မာနိုင်ငံ
ဒီမိုကရေစီလှုပ်ရှားမှုအတွက် တန်ဖိုး မဖြတ်နိုင် သည့် ခေါင်းဆောင်ကို ဆုံးရှုံးရမည်
ဖြစ်သောကြောင့်ပင်။
ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းသားဖြစ်နေစေဦး သူ့တွင် ဧရာမခွန်အား
အစွမ်းသတ္တိရှိနေသေးသည်။ လက်နက်များ အကြီးအကျယ် တပ်ဆင်ထားသည့် စစ်ဗိုလ်ချုပ်များ၏
နှလုံးသားထဲထိ စိုးရိမ်ကြောက်ရွံ့နေရလေအောင် ထိုးနှက် နိုင်စွမ်း ရှိသူလည်း
ဖြစ်သည်။ စစ်အုပ်ချုပ်ရေး သံဖိနပ်အောက်၌ ၄၆ နှစ်တာ ရှင်သန်ရုန်းကန်ခဲ့ရသူ
ခွန်အားအာဏာမဲ့နေသည့် ပြည်သူများကို စိတ်ဓာတ် ရေးရာအရ ခွန်အားမြှင့်ပေးနိုင်သူလည်း
ဖြစ်သည်။ သူက မြန်မာပြည်အတွက် မျှော်လင့်ချက် လည်း ဖြစ်သည်။
မကြာသေးမီက အစားအသောက်များ လက်ခံရန် ဒေါ်စုက ငြင်းဆန်နေသည် ဆိုသည့်
သတင်းများထွက်ပေါ်လာသည့်အခါ လူအများ စိုးရိမ်စိတ် ပွားကြရ သည်။ သူ့ ကျန်းမာရေးကို
ပူပန်ကြသလို သူမရှိသည့်နောက်ပိုင်း နိုင်ငံအရေး ကိုလည်း တွေးပူကြသည်။
ယခုကာလ အတောအတွင်း သူ့ကို တွေ့ခွင့်ရှိသူ ၂ ဦးဖြစ်သည့် ရှေ့နေနှင့် ဆရာဝန်တို့က
ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လလယ် ပိုင်းမှစ၍ မတရားချုပ်နှောင်ထားမှုကို
ဆန့်ကျင်ကန့်ကွက်သည့် အနေနှင့် ဆန္ဒပြနေခဲ့သဖြင့် ပို၍ ပိန်သွားကာ အဟာရ
ချို့တဲ့လာပုံရသည်ဟု ဆိုကြသည်။
ဤသည်မှာ သူ့အတွက် အစာငတ်ခံဆန္ဒပြခြင်းဟု မဆိုနိုင်သေးပေ။ ဆယ်စုနှစ် ၂ ခုကျော်
ကာလအတွင်း၌ ဒေါ်အောင်ဆန်း စုကြည် အနေနှင့် ပထမဦးဆုံးနှင့် တကြိမ်တခါသာ အစာအငတ်ခံ
တောင်းဆိုခြင်း ပြုခဲ့သည်ဟုဆိုရမည်။ ၁၉၈၉ ခုနှစ် အစောပိုင်းကာလများအတွင်း ပထမအကြိမ်
သူ အိမ်အချုပ်ကျခံရစဉ်က အစားအစာများ လက်ခံရန် ငြင်းဆန်၍ တခြား သော သူ၏ရဲဘော်
လုပ်ဖော်ကိုင်ဖက်များနှင့် အတူတူ ချုပ်နှောင်ရန် တောင်းဆိုခဲ့သည်။ သို့သော်
ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် သူ၏ လုပ်ဖော်ကိုင်ဖက် ဒီမိုကရေစီ အရေး
လှုပ်ရှားသူများကို နှိပ်စက်ညှဉ်းပန်းမှု မပြုပါမည့် အကြောင်း အာမခံစကား
ကြားရပြီးနောက်တွင်မှ ဆန္ဒပြနေမှုကို ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဒေါ်စု၏
ကိုယ် အလေးချိန် ၁၀၆ ပေါင် မှ ပေါင် ၉၀ သို့ ကျဆင်း သွားခဲ့သည်။ ဆံပင်ကျွတ်ခြင်း၊
မျက်စိအမြင် ချို့ယွင်းလာခြင်းနှင့် ကိုယ်ခံအားစနစ် ယုတ်လျော့လာခြင်းများ
ခံစားခဲ့ရသည်။
ထိုအချိန်က ဒေါ်စု အသက် ၄၀ ကျော်ပိုင်းမျှသာ ရှိသေးသော်လည်း ယခု သူ့အသက်က ၆၀
ကျော်သို့ ချဉ်းလာခဲ့ပြီ။ အစာအငတ်ခံမည်ဆိုပါက ကျန်းမာရေး ပို၍ ထိခိုက်ခံစားရဖွယ်
ရှိနေသည်။ အသက်ရှင်နိုင်ရုံမျှသာ လျှော့ချစားမည် ဆိုလျင်လည်း ကျန်းမာရေး ပြဿနာများက
ပိုကြီးလာနိုင်သည်။
|